လားရှိုးခရိုင်၊ လားရှိုးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
လားရှိုးမြို့- နိုဝင်ဘာ (၂၇)
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက် / ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ၊ လားရှိုးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ရမည့်အခြေအနေ၊ မဲရုံမှူး ၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များ၏ ဆောင်ရွက်ရမည့်တာဝန်နှင့်လုပ်ပိုင်ခွင့်အခြေအနေ၊ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထား ပြီးစီးမှုအခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဆောင်ရွက်ထားမှုအခြေအနေ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်အခြေအနေများ၊ ကြိုတင်မဲပေးခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားခဲ့ပါသည်။
ထိုနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး သည် သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း နှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၁၅၈ ဦးတက်ရောက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: သတင်းစဉ်
