"မုံးကိုးမြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ မိုင်းယု ကျေးရွာရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများအတွက် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ"

မူဆယ် - ဩဂုတ်(၁၇)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့်  မိုင်းယုကျေးရွာရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကျောင်းသုံး စာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို  မူဆယ်မြို့ New Starlight Group Of Co.,Ltd  ခန်းမ၌ ယမန်နေ့ နံနက် (၁ဝး၀၀)အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် မူဆယ်-နမ့်ခမ်း မြို့များတွင်  စာသင်ကျောင်း ၁၂၈ ကျောင်းရှိသည့်အနက် ၁၉ ကျောင်းသာ ဖွင့်လှစ်နိုင်သေးကြောင်းနှင့် ပညာရေးအတွက် ပါဝင်အားဖြည့် ပေးအပ်လှူဒါန်းခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ မူဆယ်မြို့ ၊ New Starlight Group Of  Co.,Ltd  မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးတင်ငွေနှင့် Executive Director ဦးမောင်စိန် တို့က  ကျောင်းသုံး စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် New Starlight Group  ကိုယ်စား မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင် ဦးကိန်းမိုင်၊ တာဝန်ရှိသူဦးတင်ငွေနှင့်ဦးမောင်စိန် တို့က စာအုပ် ၇၅၀၀ ဒါဇင်၊ ခဲတံ ၇၅၀၀ ချောင်း၊ ဘောပင် ၂၂၅၀၀ ချောင်း၊ ကျောင်းသုံးလက်ဆွဲအိတ် ၇၅၀၀ လုံးကို ပေးအပ် လှူဒါန်းခဲ့ရာ မုံးကိုးမြို့အုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံနှင့်ပန်ဆိုင်း(ကြူကုတ်)မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်း မြတ်အောင်၊ မိုင်းယု(၁၀၅)မိုင်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်မီဝမ်း၊ မူဆယ်မြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်သန်းဦးတို့က လက်ခံရယူခဲ့ကြောင်းနှင့် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးငွေ ကျပ် ၉၆,၈၅၂,၅၀၀/- ကျပ်ရှိကြောင်း သိရသည်။



 မူဆယ်ခရိုင်(ပြန်/ဆက်)
MOI Webportal