"လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေး"
ရန်ကုန်၊ ဩဂုတ် ၂၄ ရက်
လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မကြာသေးမီက တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ၍ ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ၊ ယင်းမှတစ်ဆင့်ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့်ရာဇဝတ်မှုများကိုအထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံမှသံရုံးများသည် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်၍ မြန်မာနိုင်ငံနှင့် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများအကြား သက်ဆိုင်ရာသဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ထောက်ခံအားပေးကာ ပြင်းထန်သော တိုက်ဖျက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ရာဇဝတ်မှုဖြစ်ပွားမှုများ မြင့်မားလာမှုအခြေအနေကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကြောင်း သုံးနိုင်ငံမှ အလေးပေးပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိ ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာ ၏ သတင်းတရပ်အရ သိရှိရသည်။
Source; Xinhua