"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။
ထို့နောက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်များနှင့် ပတ်သက်၍ ပြောကြားရာတွင်-
နိုင်ငံရေးအမြင်
========
- ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတသည့်ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့်ဒီမိုကရေစီနိုင်ငံ ဖြစ်ရန် လိုအပ်ပြီးဥပဒေကိုအလေးထား လိုက်နာရန်လိုအပ်ကြောင်း။
- ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ် စေနိုင်ကြောင်း၊တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်သည့် တည်ဆဲဥပဒေများကို အလေးထားလိုက်နာ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စီးပွားရေးအမြင်
=========
- စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နှင့် လူသားအရင်းအမြစ်များ ကောင်းမွန်ရန် စသည့် အခြေခံအချက် ၄ ချက်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း ပြောကြားသည်။
အုပ်ချုပ်ရေးအမြင်
==========
- ညီညွတ်မျှတပြီး စည်းကမ်းနှင့် ဥပဒေကို လေးစားသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေ ရန်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူများ အနေဖြင့် ဥပဒေကို လေးစားလိုက်နာအောင်၊ စည်းကမ်းရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ကာကွယ်ရေးအမြင်
===========
- စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့ကိုလည်း မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
-တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်နှင့်ကာကွယ်ရေး အမြင်များကို နောက်ခံအကြောင်းအရာ များနှင့် ချင့်ချိန်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေး ခေါ်စဉ်းစားကာ မိမိကိုယ်ကို တန်ဖိုးထားရန်၊ တန်ဖိုးမြှင့်တင်ရန်နှင့် တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်အောင် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်သည့် အခြေအနေများအား အသေး စိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source: တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

