"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖွင့် ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား"
အားလုံးမင်္ဂလာနံနက်ခင်းပါ၊
ကြွရောက်လာကြတဲ့ ဒုတိယသမ္မတများ၊
လွှတ်တော်ဥက္ကဌများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊
ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ
အရာထမ်း အမှုထမ်းများ၊ တိုင်းရင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊
ကျောင်းသားကျောင်းသူများ၊ ဧည့်သည်တော်များ၊ နိုင်ငံတစ်ဝန်းရှိ
မိဘပြည်သူများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခတို့နဲ့
ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖြစ်မြောက်ရေး
ဦးစီးကော်မတီ၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ ကျင်းပရေး
ဆပ်ကော်မတီနဲ့ လုပ်ငန်းအဖွဲ့များ၊ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုအတွက်
အလှူရှင်များ၊ ဝိုင်းဝန်းပံ့ပိုး ကူညီသူများ အားလုံး တို့ကို
ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း ယခုလို
တက်ရောက် နှုတ်ခွန်းဆက် စကားပြောကြားပြီး ဖွင့်လှစ်ခွင့်ရတဲ့အတွက်
အထူးဂုဏ်ယူ ဝမ်းမြောက်ရပါတယ်။
ဒီနေ့ဟာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့
နေ့တစ်နေ့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအာဇာနည်
ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ မြို့တော်လည်းဖြစ်ပြီး၊ ပြည်ထောင်စု
နယ်မြေလည်းဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စု ကျေးဇူးရှင်ကြီးရဲ့
ကြေးရုပ်တုကို မင်္ဂလာရက်မြတ် အခါသမယမှာ တင့်တယ်ဝင့်ကြွား ခမ်းနားထည်ဝါ
စည်ကားသိုက်မြိုက်စွာ စိုက်ထူနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်
နိုင်ငံတော်ရဲ့ မြို့တော်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံစေပြီး၊
ပြည်ထောင်စုနယ်မြေဆိုတဲ့ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်စေပါတယ်။ တိုင်းရင်းသား
ပြည်သူများကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြမယ်လို့ နားလည်ထား ပါတယ်။
ယခုလို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူတာဟာ
သာမန်ကာလျှံကာ အသွင် သဏ္ဍာန်အရ လုပ်နေကြခြင်း မဟုတ်ဘဲ နိုင်ငံရဲ့
အရေးအရာများနှင့်စပ်လျဉ်းပြီး အနှစ်သာရ ရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့
ခံယူပါတယ်။ မျိုးဆက်သစ်လူငယ်များ အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့
ရိုးသားဖြောင့်မတ် တည်ကြည်မှု၊ တိုင်းပြည်အတွက် ဖြူစင်တဲ့ စေတနာ၊
သန့်ရှင်းတဲ့မေတ္တာ၊ မွန်မြတ်တဲ့ လမ်းစဉ်တွေကို အတုယူကြကာ
တိုင်းကျိုးပြည်ကျိုး သယ်ပိုးစေရန်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
ပြတ်သားတဲ့ လက်ရုံးရည် နှလုံးရည်၊ သီလ၊ သမာဓိ၊ သိက္ခာ၊ ပြောင်မြောက်တဲ့
အသိပညာ အတွေးအခေါ် အယူအဆတွေကိုလည်း အားကျလျက် တိုင်းချစ်ပြည်ချစ်စိတ်များ
ထက်သန်စေရန်လည်းကောင်း၊ တိုင်းပြည်နဲ့ လူမျိုး အတွက် ကိုယ်ကျိုးမဖက် ရာထူး
မမက် လွတ်လပ်ရေးအတွက် အသက်ပေးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့တာတွေကို
နမူနာယူကြပြီး ဇာတိသွေး ဇာတိမာန် ရှင်သန်စေရန် လည်းကောင်း၊
မြန်မာ့နိုင်ငံရေး သမိုင်းတွင် မော်ကွန်းထိုးထားရမယ့် ကြီးကျယ်ခမ်းနားတဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်များကို စံပြုကြရန်လည်းကောင်း
ရည်ရွယ်ချက် ကောင်းများ ရှိတယ်လို့ ကျွန်တော်ခံယူထားပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို
မြင်တွေ့တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရန်
ကျန်သေးတယ်ဆိုတာကို မမေ့မလျော့စေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို
သတိရတိုင်း ဗိုလ်ချုပ်ရဲ့ အဆိုအမိန့် လုပ်ငန်းလမ်းညွှန်တွေကို ဆောင်ရွက်ရန်
ရှိသေးတာကို မလစ်ဟင်းကြစေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းတမ်းတ
ထုဆစ်ပုံဖော်လိုတဲ့ တိုင်းပြည်မျိုးဖြစ်အောင် ကြိုးပမ်းကြဖို့ တာဝန်
ဝတ္တရားတွေ မပြီးသေးတာကို သတိမပြတ်ကြစေရန် မွန်မြတ်တဲ့ ဦးတည်ချက်
တွေရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျောင်းသားဘဝ၊ တို့ဗမာအစည်းအရုံးဝင် သခင်ဘဝ၊
တပ်မတော်သားဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝတို့မှာ ဗိုလ်ချုပ်အောင်ဆန်း
ပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ လေ့လာ မှတ်သားစရာ အလွန်များပြားလှပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများကို စေ့ငှသေချာစွာ လေ့လာပါက
ဗိုလ်ချုပ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း၊ ဘယ်အယူဝါဒ ရှိကြောင်း၊
မည်သို့သော အရည်အချင်းတွေ ရှိကြောင်း၊ မည်ကဲ့သို့သော ခေါင်းဆောင်ကောင်း
ဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာ သိမြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများကို ဖတ်မှတ်ပြီး
လိုက်နာကျင့်သုံးနိုင်သည်နှင့်အမျှ မိမိအတွက်ရော တိုင်းပြည်နှင့်
ပြည်သူလူထုအတွက်ပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စံပြုဖွယ်
မိန့်ခွန်းများမှ ကောက်နှုတ်ချက် အနည်းငယ်မျှနှင့်ပင် ငယ်ငယ်ရွယ်ရွယ်နဲ့
ဗိုလ်ချုပ်ရဲ့ ခေတ်ရှေ့ပြေးနေတဲ့ ဉာဏ်ရည် ဉာဏ်သွေးတို့ကို ထင်ထင်ရှားရှား
သိမြင်နိုင်မှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို ဦးညွတ်အလေးပြုပြီး
ကျွန်တော်အနေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒလမ်းစဉ် လုပ်ငန်း
လမ်းညွှန်အချို့ကို နိုင်ငံသူ နိုင်ငံသားများ ပြန်လည်သတိရစေရန်အလို့ငှာ
အခွင့်အခါ ကြုံခိုက် ရှင်းလင်းတင်ပြလိုပါတယ်။
မိမိရဲ့အသက်အိုးအိမ်စည်းစိမ်ကို မြူတစ်မှုံ
သဲတစ်ပွင့်မျှ ဂရုမစိုက်ဘဲ လုံးဝ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ
ဖြစ်ရေးအတွက် စဉ်ဆက်မပြတ် အသက်ပေးပြီး ကြိုးပမ်းခဲ့တဲ့
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး
လွတ်လပ်ရေး ရပြီးတဲ့အခါ ဒီမိုကရေစီဝါဒကို ကျင့်သုံးရမယ်။
ဒီလိုကျင့်သုံးမှသာလျှင် နိုင်ငံသူ နိုင်ငံသားများ ဒီမိုကရေစီနဲ့
လူ့အခွင့်များ ရရှိခံစားပြီး၊ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ
ငြိမ်းချမ်းရေး ရရှိနိုင်မှာဖြစ်ကြောင်း ကြိုတင်မူဝါဒ ချမှတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ဟာ
ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်၊ “ ဒီမိုကရေစီဝါဒသာ
လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။
အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်” လို့ ၁၉၄၅ ခုနှစ်၊
ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှာ အတိအလင်း
မြွက်ကြားခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက
ဒီမိုကရေစီနှင့်စပ်လျဉ်းပြီးတော့လည်း နိုင်ငံသူ နိုင်ငံသားတွေ အလစ်အငိုက်
မခံရစေဖို့၊ သတိမမူ ဂူမမြင် မဖြစ်စေဖို့ ပြောကြားခဲ့တာတွေလည်းရှိပါတယ်။
၁၉၄၇ ခုနှစ်၊ မေလ (၁၉)ရက်နေ့မှာ ကျင်းပတဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ
“အခု ဒီမိုကရေစီတွေခေါ်နေတဲ့ တိုင်းပြည်များဟာ တကယ့်ဒီမိုကရေစီ
မဟုတ်သေးဘူး၊ ငါးမူး သုံးမတ် တစ်ပဲ လောက်ပဲ ဒီမိုကရေစီတွေ ဖြစ်သေးတယ်”
“ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။
ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်းပြောကြတာတွေလဲ
အများကြီးပဲ ” စသည်ဖြင့် နိုင်ငံသူ နိုင်ငံသားများ ဒီမိုကရေစီအခွင့်အရေး
မဆုံးရှုံးစေရန် ပြောကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးနှင့်စပ်လျဉ်းပြီးတော့လည်း
ဗိုလ်ချုပ်အောင်ဆန်းက ၎င်းကိုယ်တိုင် ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနိဒါန်းမှာ လူမှု ဆက်ဆံရေး တရားမျှတမှု၊
စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်း ညီမျှမှု၊
အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို
နိုင်ငံသားအားလုံးတွင် တန်းတူရည်တူ ရရှိခံစား နိုင်စေခြင်းငှာ အခိုင်အမာ
သန္နိဋ္ဌာန်ချရန် လမ်းညွှန်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတို့ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို
ကာကွယ်ပေးတဲ့ အုပ်ချုပ်ရေး ယန္တရား ဖြစ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို
အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာစေရန် ရည်သန်ပြီး
ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းသူပြည်သားဆန္ဒအရ မဟုတ်ဘဲ၊ တိုင်းသူ ပြည်သား
တွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့
စနစ်ဆိုးမျိုးရှိနေရင် အများ ပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့
ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ
ပေါ်လာနိုင်တယ်။” လို့ သတိထားကြရန် ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက
တပ်မတော်နှင့် စပ်လျဉ်း၍ လည်း လိုက်နာရန် ယခုလို မိန့်ဆို ခဲ့ပါသေးတယ်၊
“ဗမာ့လွတ်လပ်ရေး တပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍
အလျဉ်းစွက်ဘက်ခြင်း ပြုလိမ့်မည် မဟုတ်၊ ဗမာ့
လွတ်လပ်ရေးတပ်မတော်ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး၊
အုပ်ချုပ်ရေး ကိစ္စများနှင့်ပတ်သက်၍ ပါဝင်စွက်ဘက်ခြင်း အလျဉ်းမရှိစေရ” လို့
နိုင်ငံ၏စည်းလုံး ညီညွတ်ရေးကို ရည်ရွယ်၍ ဆောင်ရန်ရှောင်ရန်ကိုလည်း
လမ်းညွှန်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တဝင်စာအုပ်တွင်
လေ့လာတွေ့ရှိရပါတယ်။
တဖန် တပ်မတော်ဖခင်ကြီးက တစ်မျိုးသားလုံးညီညွတ်ရေးကို
ရည်ရွယ်ပြီး “ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး၊
တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစု
အတွက် တည်ထောင်ထားတာ မဟုတ်ဘူး၊ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်” ဟု
မည်သို့သော တပ်မတော်မျိုး ဖြစ်သင့်သည်ကို အထူးသတိပြု ဆင်ခြင်ဖွယ်ရာ
မိန့်ကြား ခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းတွင်
ဖတ်ရှုရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများအရေးနှင့်
စပ်လျဉ်း၍လည်း တောင်တန်း ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင်
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိကြောင်းကို ပင်လုံစာချုပ် အပိုဒ်-၅ တွင်
လက်ခံခဲ့ပါတယ်။ “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ
တိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု
သတ်မှတ်ထားသည့် အခွင့်အရေး များနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်”
ဟုလည်း ပင်လုံစာချုပ် အပိုဒ်-၇ တွင် သဘောတူခဲ့ပါတယ်။
ဒါ့အပြင် ၁၉၄၇ ခုနှစ်၊ မေလ (၁၉)ရက်နေ့မှာ ကျင်းပတဲ့
ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက
“ကျွန်တော့်အမြင်အရဆိုရင်တော့ အထက် လူမျိုးရေး အရ ရသင့်ရထိုက်တဲ့
အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ် ပေးပြီးတော့ (Unitary State)
လူမျိုးကြီးတမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး၊
ပြည်ထောင်စု သဘောမျိုးပဲ ဖြစ်ရမှာဘဲ” လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်
တည်ထောင်ရန် ရှင်းလင်းစွာ လမ်းညွှန် ခဲ့သည်မှာ ဗိုလ်ချုပ်ရဲ့ မွန်မြတ်တဲ့
စေတနာနဲ့ ဖြူစင်တဲ့ သဘောထားကို ကွက်ကွက် ကွင်းကွင်း ပေါ်လွင်စေပါတယ်။
ဗိုလ်ချုပ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စိတ်ဓါတ်မှန် လုပ်ရပ်မှန်
အနစ်နာခံခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေးအတွက်
နိုင်ငံရေး၊ စည်းရုံးရေး စွမ်းရည်ရှိမှု၊ တပ်မတော်ကို ဦးဆောင်
ဖွဲ့စည်းနိုင်မှု၊ တိုင်းရင်းသားလူမျိုးများ စည်းလုံး ညီညွှတ်အောင်
စွမ်းဆောင်နိုင်မှု၊ တိုင်းရင်းသားပြည်သူအပေါင်းက ချစ်ခင် လေးစား အားကိုး
ယုံကြည်မှု စသည်တို့ကို သိမ်းကျုံးရရှိထားပြီး၊ တုဘက်ကင်းတဲ့ ခေါင်းဆောင်
ဖြစ်ပါတယ်။ ပြည်သူလူထု ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊
စစ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းပြည်နဲ့
ပြည်သူလူထုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ညီညွတ်ရေးစတဲ့
နယ်ပယ်စုံ ကဏ္ဍစုံမှာ ယခုလိုမူဝါဒများ လမ်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်ချက်
များကို အမြော်အမြင်ကြီးစွာ ညွှန်ပြခဲ့သော်လည်း၊ ယခုထိတိုင်
ပြီးပြည့်စုံအောင် အကောင် အထည် မဖော်နိုင်ကြသေးတာကို ဝမ်းနည်းဖွယ်ရာ
တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
တိုင်းရင်းသား ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့ အိပ်မက်ကို
အကောင်အထည်ဖော်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်
ရှိပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန်
သန္နိဋ္ဌာန် ချပြီးဖြစ်ပါတယ်။ ဒီမိုကရေစီထွန်းကား၍ တည်တံ့ခိုင်မြဲသော
ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် ရည်သန်ပြီးဖြစ်ပါတယ်။
အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်
ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ထားရှိပြီးလည်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်၍
ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး
ပြန်လည်ထွန်းကားလာခြင်း မရှိစေရန် လည်း ကြိုးပမ်းဆောင်ရွက်သွား
မှာဖြစ်ပါတယ်။
ဒီလိုမွန်မြတ်တဲ့ အိပ်မက်များကို
အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော် အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။
ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား ကျောင်းသူ၊ တိုင်းရင်းသားများ အားလုံးကလည်း
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး၊
တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်သောအားဖြင့်
ဝိုင်းဝန်းအားပေး ကူညီကြရန် ပန်ကြားအပ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဤကဲ့သို့ ကျေးဇူးတရားကြီးမားတဲ့
ဗိုလ်ချုပ်အောင်ဆန်းအား မည်သို့မျှ မမေ့မပျောက်နိုင်ပါ။
ရာဇဝင်တွင်လောက်တဲ့ ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်များနဲ့ မော်ကွန်းထိုးလောက်တဲ့
သက်စွန့်ကြိုးပမ်း စွမ်းဆောင်ချက်များမှာလည်း ထာဝရ တည်တံ့ နေမယ်လို့
ယုံကြည်ပါတယ်။ ဗိုလ်ချုပ်ကျင့်သုံးခဲ့တဲ့ လမ်းစဉ်၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့
မူဝါဒ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ပန်းတိုင်တို့ကို ကျွန်တော်တို့နဲ့အတူ
ပြည်သူလူထုကြီးကပါ လိုက်နာ အကောင်အထည်ဖော်ရင်း ဗိုလ်ချုပ်ကို
မမေ့ကြသေးကြောင်း ပြသကြပါစို့။ တိုင်းရင်းသား လူမျိုးများအားလုံးကို
စုစည်းဦးဆောင်ကာ ဗိုလ်ချုပ်တည်ဆောက်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားများ
စည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓါတ်ထာဝစဉ် ရှင်သန်ရေးတို့ကို
ထိန်းသိမ်းကာကွယ်ကြပါစို့၊ ဗိုလ်ချုပ်ရည်ရွယ်မျှော်မှန်းခဲ့တဲ့
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ပန်းတိုင်သို့အရောက်
စည်းလုံးညီညွတ်စွာ ချီတက်ကြပါစို့လို့ အလေးအနက် သန္နိဋ္ဌာန် ပြုကြရန်
တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။
source; MOI