“အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို လားရှိုးမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့”


လားရှိုးမြို့- အောက်တိုဘာ(၁)

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မြို့တော်ခန်းမကြီးတွင် အောက်တိုဘာ(၁)ရက်၊ နံနက်(၉း၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး(လားရှိုး) ဦးကျော်သူဇော် တက်ရောက် အခမ်းအနား အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်တွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက အဘိုး၊ အဘွားများကို သြကာသ ကန်တော့ကြိုးဖြင့် ညီညာဖြဖြ ကန်တော့ကြကာ လှူဖွယ်ပစ္စည်းများဖြင့် အဘိုး၊ အဘွားများကို တဦးစီကို လက်ရောက် လှူဒါန်းပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ အဘိုး၊ အဘွားများကိုယ်စား အသက်(၉၂)နှစ်ရှိ အဘွားတဦးက ကျေးဇူးတင်စကားပြန်လည်  ပြောကြားကာ မေတ္တာပို့သ ဆုတောင်းမှုပြုခဲ့ပါသည်။
လားရှိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ လားရှိုးမြို့ရှိ သက်ကြီးရွယ်အို အဘိုး နှင့် အဘွား (၅၅) ဦးတို့ တက်ရောက် ကန်တော့ခံခဲ့ကြကြောင်း သိရှိရသလို အသက်အကြီးဆုံးမှာ အသက်(၉၂)နှစ် အရွယ်ရှိသည့် အဘွား ဖြစ်ကြောင်း
နှင့် နှစ်စဉ်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဖော်ပြပါ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ကာ အဘိုးများ၊ အဘွားများကို ကန်တော့ခြင်း၊ လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းကုသိုလ်ပြုခြင်း လုပ်ဆောင်မှုများကို နှစ်စဉ်နှင့်အမျှ ကျင်းပပြုလုပ်ခဲ့ကြကြောင်း 
သိရှိရပါသည်။


L2 (LSO)
Photo - Ko Nyan Htun