“နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်”


တောင်ကြီး- ဖေဖော်ဝါရီ ()

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာ (မီးပုံးပျံကွင်း)၌ကျင်းပသည့် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ၀န်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူများ 
တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၇၂)နှစ် မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယနေ့ (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကြွရောက်လာတဲ့ ကျွန်မ တို့ရဲ့ ပြည်ထောင်စု သားသမီးများ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒ အဝဝနဲ့ ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

နိုင်ငံတော်သမ္မတကြီး သဝဏ်လွှာမှာ ပါတဲ့အတိုင်း ဒီနေ့ဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက် အစပျိုးလိုက်တဲ့ နေ့တစ်နေ့ကို ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒီလို ပြည်ထောင်စုရဲ့ မျိုးစေ့တွေကို ပျိုးခဲ့တဲ့ ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး များရဲ့ ရည်ရွယ်ချက်များ၊ အိမ်မက်များကို အကောင်အထည်ဖော်ဖို့ဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတကြီးကနေ ထောက်ပြခဲ့ပါတယ်။ 

အစေ့ လေးသာ ပျိုးရုံနဲ့ အပင်မဖြစ်ပါဘူး။ အပင်ဖြစ်အောင်လည်း ကျွန်မတို့က ပြုစုပျိုးထောင် ရပါတယ်။ အပင်ကနေ အသီးအပွင့်တွေ ဝေဆာလာအောင်လို့လည်း ဆက်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလိုနေ့ထူးနေ့မြတ်မှာ အတူရှိတဲ့အခါ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများရဲ့ မျှော်မှန်းချက်များနဲ့ ကျွန်မတို့ရဲ့ မျှော်မှန်းချက်များ တစ်သား တည်းဖြစ်အောင်လို့ သန္နိဋ္ဌာန်ချဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ အစိုးရဟာ အုပ်ချုပ်ရေးတာဝန်ကို ယူကတည်းကနေစပြီးတော့ အဓိက ရည်မှန်းချက် သုံးချက်ကို ချပြခဲ့ပါတယ်။ 

ပထမကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဒုတိယကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တတိယကတော့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးပဲ ဖြစ်ပါတယ်။ ဒီသုံးခု ဟာလည်း အားလုံးဆက်နွှယ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး၊ နိုင်ငံရေးအရ မှန်ကန်ရေးနဲ့ ပြည်သူလူထုဖွံ့ဖြိုး တိုးတက်ရေးတွေဟာ ခွဲလို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။

ငြိမ်းချမ်းရေးရမှ ပြည်သူလူထုအတွက် တိုးတက်ဖွံ့ဖြိုးရေး လုပ်နိုင်မယ်။ ငြိမ်းချမ်း ရေးရဖို့ဆိုရင် အများပြည်သူက လက်ခံမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလည်း လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ အားလုံးကြားမှာ ရင်ကြားစေ့ဖို့ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ တစ်ခါ တလေ တူပေမယ့်လည်း ဘယ်လိုပုံစံနဲ့ ဒီပန်းတိုင်ကို ချီတက်သွားရမယ်ဆိုတဲ့ အတွေး အခေါ်တွေဟာ ကွဲလွဲတတ်ပါတယ်။ ဒီဟာတွေက တကယ်ကို ကျွန်မတို့ ပြည်ထောင်စု အပေါ်မှာ စေတနာထားမယ်ဆိုရင် ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။

အားလုံးဟာ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ရှိတယ်။ အားလုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ချမ်းသာကြွယ်ဝ သာယာငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးပဲ ဖြစ်တယ်ဆိုရင် မတူကွဲပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့ဟာက အခက်အခဲရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ တိုင်းရင်းသား၊ ပြည်ထောင်စုသားသမီးများ အားလုံးဟာ အတူလက်တွဲပြီးတော့ ကိုယ့်နိုင်ငံအတွက် စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခုကမ္ဘာကြီးမှာ စုစည်းမှုတွေ ရှိသလို ကွဲပြားမှုတွေရှိပါတယ်။ စုစည်းတဲ့ဘက်ကို သွားမလား၊ ကွဲပြားတဲ့ဘက်ကို သွားမလားဆိုတာ တစ်ဦးချင်း တစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်း တစ်ခုချင်းရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဒီအချိန် ဒီအခါမှာ ချလိုက်ရင် နောင် လာမယ့် ကျွန်မတို့ မျိုးဆက်သစ်တွေအားလုံးအတွက် အင်မတန်မှတန်ဖိုးရှိတဲ့ လုပ်ရပ် တွေဖြစ်သွားပါ့မယ်။ အခု ကျွန်မတို့ (၇၂)နှစ်ကြာတဲ့အထိတိုင် ကျွန်မတို့ရဲ့ လွတ်လပ် ရေး ဖခင်ကြီးများရဲ့ စွမ်းဆောင်ခဲ့တဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုမှာ နေနိုင်တာဖြစ်ပါတယ်။ ဒီလွတ်လပ်တဲ့ အချုပ် အခြာအာဏာပိုင်နိုင်ငံမှာ ဆက်ပြီးတော့ နေဖို့တင်မက ချမ်းချမ်းသာသာ တောင့် တောင့် တင်းတင်း နေနိုင်ဖို့ကတော့ ကျွန်မတို့ရဲ့ တာဝန်ပါပဲ။

  ဒီအခွင့်အရေးတွေကို ကျွန်မတို့ ရရှိနေပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ နိုင်ငံကြီးဟာ ပြောင်းလဲ လာတာဟာ အခုဆိုရင် ၂၁ ရာစုပင်လုံ ညီလာခံကဲ့သို့ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ အားလုံးကို စုစည်းပေးနိုင်မယ့် ဆွေးနွေးပွဲကြီးတစ်ခု ကျင်းပနိုင်ရုံ တင်မက ပြည်သူ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ခုကလည်း အုပ်ချုပ်ရေးတာဝန်တွေ ကို ယူနိုင်တဲ့ အဆင့်ကို ရောက်လာပါတယ်။

ကျွန်မတို့ အားလုံးမျှော်မှန်းတဲ့၊ အားလုံးလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဆင့်ကိုတော့ မရောက်သေးဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကို ရောက်အောင်ဆက်သွားဖို့ဟာ ကျွန်မတို့ရဲ့တာဝန်ဖြစ်ပါတယ်။ ကျွန်မတို့ မျိုးဆက်တွေရဲ့ သမိုင်းပေး တာဝန်လို့ပြောရင် မှားမယ်မထင်ပါဘူး။ မျိုးဆက် တိုင်း မျိုးဆက်တိုင်းဟာ သူရဲ့ သမိုင်းပေးတာဝန်ရှိသွားကြပါတယ်။ သမိုင်းတာဝန် ကျေတဲ့ မျိုးဆက်တွေရှိသလို၊ တာဝန်မကျေတဲ့မျိုးဆက်တွေလည်း ရှိခဲ့ပါတယ်။

ကျွန်မတို့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ တာဝန်ကျေတဲ့ မျိုးဆက်ထဲပါ သလို ကျွန်မတို့အနေနဲ့လည်း တာဝန်ကျေတဲ့ မျိုးဆက်ထဲမှာပါချင်ပါတယ်။ ဒီလိုပါဖို့ ဆိုတာဟာ အစိုးရအဖွဲ့တစ်ခုတည်း လုပ်လို့မရပါဘူး။ ကျွန်မတို့ ပြည်သူလူထု အားလုံး ပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနိုင်ငံကြီးကို တကယ် ပိုင်ဆိုင်တာဟာ ပြည်သူလူထုပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဆိုတာဟာ ပြည်သူ လူထုကနေပြီးတော့ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ တစ်နိုင်ငံ တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ အောင်မြင်ဖို့ဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ မဖြစ်မနေ ရှိရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်နေ့တိုင်းနေ့တိုင်းဟာ တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ တွေ ဖြစ်တယ်လို့လည်း ကျွန်မတို့ ပြောလို့ရပါတယ်။ ပြည်ထောင်စုနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ သို့သော်လည်း ပြည်နယ် နေ့တိုင်း နေ့တိုင်းဟာ တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့နေ့တွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ နေ့ထူးနေ့မြတ်တွေ အားလုံး ဟာလည်း ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့ နေ့တွေဖြစ်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ကျွန်မတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအားလုံးရဲ့ လုပ်ရပ်များဟာ ပြည်ထောင်စုကြီး တည်ဆောက် ဖို့၊ ပြည်ထောင်စုကြီး ခိုင်ခံ့တည်မြဲစေဖို့ လုပ်ရပ်တွေပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုဖြစ်မယ် ဆိုရင် အားလုံးဟာ ဝိုင်းဝန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အသီး အပွင့်တွေကို ကျွန်မတို့ ခံစားရမှာပဲ ဖြစ်ပါတယ်။

(၇၂) နှစ်ဆိုတာ တိုတဲ့အချိန်လေး မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းမှာ တော့ အင်မတန်ရှည်တယ်လို့လည်း မပြောနိုင်ပါဘူး။ သို့သော်လည်း အချိန်အခါအရ လွန်ခဲ့တဲ့ (၇၂) နှစ်ဟာ ကျွန်မတို့ကမ္ဘာကြီးအတွက် အင်မတန်အရေးပါတဲ့ နှစ်တွေ ဖြစ်ခဲ့ပါတယ်။ 

ဒီနှစ်တွေကြားထဲမှာ နည်းပညာတွေ အလွန်အမင်း တိုးတက်လာမှု ကြောင့် ကမ္ဘာကြီးရဲ့ အခြေအနေဟာ တော်တော်ကြီးကိုပြောင်းသွားပါတယ်။ လွတ်လပ်ရေးမရခင်တုန်းက ကမ္ဘာကြီးရဲ့အခြေအနေနဲ့ ယခုကမ္ဘာကြီးအခြေအနေဟာ လုံးဝကိုမတူတော့ပါဘူး။ ဒီလိုပြောင်းလဲလာတဲ့အခြေအနေမှာ ကျွန်မတို့ နိုင်ငံက ထိုက်ထိုက်တန်တန်ရပ်တည်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

 ပြည်ထောင်စုသား သမီးများရဲ့ အရည်အချင်းကို လုံးဝယုံကြည်ပါတယ်။ အခြေအနေ ပေးရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံနဲ့မဆို ရင်ဘောင်တန်းပြီးတော့ ချီတက်သွားနိုင်တဲ့ နိုင်ငံဖြစ်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေ ဖွံ့ဖြိုးဖို့၊ ဒီအရည်အချင်းတွေ ပွင့်ဖူးဝေဆာလာ ဖို့ အခွင့်အရေးတွေကို နိုင်ငံရေးအရ၊ လူမှုရေးအရ စီးပွားရေးအရလုပ်ပေးဖို့ဟာ အရေးကြီးပါတယ်။


ဒါကြောင့် စောစောကပြောသွားတဲ့ ရည်မှန်းချက်သုံးချက်ဟာ အားလုံးဆက်နွှယ် နေတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုသား သားသမီးများအားလုံးရဲ့ ဘဝ အဆက်ဆက် သာယာဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်၊ အေးချမ်းဖို့အတွက်၊ လုံခြုံဖို့ အတွက် ခန့်မှန်းထားတဲ့ ရည်ရွယ်ချက်တွေပဲဖြစ်ပါတယ်။

  ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ငြိမ်းချမ်းရမယ်၊ အချင်းချင်းရင်ကြားစေ့မှုရှိရမယ်။ 
နောက်ပြီး အားလုံးကနေ လက်ခံနိုင် တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အခိုင်အမာ ရပ်တည်စေမယ့် ဖွဲ့စည်းပုံ တစ်ခုရှိဖို့ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ပြည်သူလူထုကို ပေးခဲ့တဲ့ 
ကတိအတိုင်း ကြိုးစားပြီးတော့ အကောင်အထည်ဖော်နေပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ၂၁ ရာစုပင်လုံ ညီလာခံကြီးကို စတင်နိုင်ခဲ့ပါပြီ။ 
ငြိမ်းချမ်းရေးဆိုတာဟာလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ လက်တွဲပြီးတော့ 
တစ်ကြိမ်တည်းမှာလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ 
ဘ၀စီးပွားတိုးတက် ဖွံ့ဖြိုးရေးဆိုတာဟာလည်း နိစ္စဓူဝ ကျွန်မတို့လုပ်ဆောင်နေတဲ့  
ကိစ္စတစ်ခုဖြစ်ပါတယ်။ 

အခုဆိုရင် မကြာမီကာလက လွှတ်တော်မှာစပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ခြေလှမ်းများကိုစပြီးတော့ လှမ်းပြီ ဆိုတာကို ပြည်သူလူထုအားလုံး အသိ ဖြစ်ပါတယ်။ ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိတွေကို တတ်စွမ်းသမျှ တည်အောင် ကြိုးစားပါတယ်။

ဒါပေမယ့် ကျွန်မတို့ပဲ လုပ်လို့မရပါဘူး။ စောစောက ပြောတဲ့အတိုင်း နိုင်ငံ တစ်နိုင်ငံအတွက် အရေးပါတဲ့ကိစ္စတွေ တကယ်အောင်မြင်ဖို့လိုတဲ့ ကိစ္စတွေမှာ ပြည်သူလူထုပါဖို့က အဓိကကျပါတယ်။ 

ဒီနေ့ဟာ အင်မတန်မှ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ရှမ်းပြည်နယ်နေ့၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့ မျိုးစေ့တွေကို ပထမဦးဆုံးချပြီးတော့ ပေးလိုက်တဲ့နေ့မှာ ကျွန်မတို့ရဲ့ ပြည်ထောင်စု သားသမီးများဟာ အားလုံးဝိုင်းဝန်းပြီး အားလုံးမျှော်လင့်တောင့်တ အိမ်မက်နေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အားသွန်ခွန်စိုက်ရှိသမျှ အရည်အချင်းတွေ၊ စွမ်းအားတွေနဲ့ လုပ်ကြပါစို့လို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းတိုင်းရင်းသားနာယက ဦးစိုင်းနွဲတောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခင်မောင်ညွန့်နှင့် ဒေါ်နန်းခင်ထားရီတို့က (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်း များနှင့် ဌာနဆိုင်ရာပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ တို့ရှမ်းပြည်ပွဲတော်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးဥက္ကဋ္ဌများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်း သားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့က တည်ခင်းဧည့်ခံသည့် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစား ပွဲသို့တက်ရောက်သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲကျင်းပမည့် အဝေရာ (မီးပုံးပျံကွင်း)သို့ ရောက်ရှိကြရာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရှမ်းရိုးရာကိန္နရီ ကိန္နရာ အက၊ ဒေါင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြသည်။
 
ညစာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအသင်းမှတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများသည် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် စိန်နားပန်မီးပုံးပျံနှင့် မီးပုံးပျံငယ်များကို 
လွှတ်တင်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညစာစားပွဲသို့ တက်ရောက် လာကြသည့် တိုင်းရင်းသားများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်သည်။

ညစာသုံးဆောင်နေစဉ်အတွင်း ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စားဆင်ထုံးဖွဲ့ မှုကို ပြသကာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မိမိတို့၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် 
ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်း အနားသို့ 
တက်ရောက်လာကြသည့် ဧည့်သည်တော်များအား  

ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ဂုဏ်ပြုညစာစားပွဲတွင် ကပြဖျော်ဖြေကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင် သစ်သီးခြင်းများပေးအပ်ကြပြီး မှတ်တမ်းတင်  
ဓာတ်ပုံ ရိုက်သည်။


Source :  www.statecounsellor.gov.mm/zg