“(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပ”


နေပြည်တော် - ဇန်နဝါရီ ()

 (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား သတင်းကို နိုင်ငံတော်သမ္မတရုံး သတင်းဝဘ်၊ လူမှုကွန်ယက် သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။
၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် 
 နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ဇန်န၀ါရီ(၄)ရက်၊ 
နံနက်ပိုင်း၌ နေပြည်တော် မြို့တော်ခန်းမ ရှေ့တွင် 
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံးစုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် 
ပေါ်ပေါက်ရန်ြ ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကိုထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာတားဆီးကာကွယ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များ နှင့်အညီ 
အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အလံတင်အခမ်းအနားကို နံနက် ၄ နာရီမိနစ် ၂၀ တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပခဲ့ရာတွင် အလံတင်တပ်စုက  
နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပါသည်။
နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊  
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှအရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများသည်  
သတ်မှတ်စုရပ် အသီးသီးမှ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ဝင်ရောက်နေရာယူခဲ့ကြပါသည်။
နံနက် ၆ နာရီ ၄၅ မိနစ်တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။
ထို့နောက်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် အလေးပြုခံ စင်မြင့်သို့ ရောက်ရှိပြီး 
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။
 
ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက 
 နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။
ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းအားအလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
 
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက 
ဖတ်ကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည်ဂုဏ်ပြုတပ်ဖွဲ့၏ 
အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း  
Myanmar President သတင်းဝဘ်ဆိုက်၊ လူမှုကွန်ယက်စာမျက်နှာတို့ မှ 
သတင်းထုတ်ပြန်မှုအရ သိရှိရပါသည်။



Source ; Myanmar President Office