“ဧပြီလအတွင်း ပုဂ္ဂလိကလေကြောင်း ပြည်တွင်းခရီးစဉ်တခု ရာသီဥတုကြောင့် ခရီးစဉ်ပျက်သွားကာ လက်မှတ်တန်ဖိုး အပြည့်ဝပြန်အမ်းခြင်းမရှိ နေ့ခြင်းအစားထိုး ခရီးစဉ်ကို ဖြည့်စွက်စီစဉ်ပေးခြင်းမရှိခဲ့၍ ရှမ်းပြည်ဘက်မှ ခရီးသည်များအပါအ၀င် ၄င်းခရီးစဉ် လိုက်ပါမည့်ခရီးသည်များ အခက်ခဲကိုယ်စီ ကြုံတွေ့ခဲ့ကြရကြောင်းသိရ”

မန္တလေး- မေ (၂)

ယခုနှစ် ဧပြီလအတွင်း မန္တလေးမှ ကလေးမြို့သို့ ပြန်သန်းမည့် လေယာဉ်ခရီးစဉ်တခု ပျက်သွားသည့်အပေါ် ထိုနေ့ ခရီးစဉ်၌ လိုက်ပါမည့် ခရီးသည်များမှာ ကိုယ်စီ ကိုယ်စီ အခက်အခဲများစွာ ကြုံ့ တွေ့ခဲ့ကြရသည်ဟု ရှမ်းပြည်ဘက်မှ ခရီးသည်များက ပြန်လည်ပြောပြမှုများ အရသိရှိရသည်။ဖော်ပြပါခရီးစဉ်ကို ထိုနေ့အတွက်
 ပြန်သန်းမည့်လေကြောင်းလိုင်းမှာ ပုဂ္ဂလိက လေကြောင်းလိုင်းတခုသာရှိ  ပြီး လေယာဉ်ခရီးစဉ်
ပျက်သွားကြောင်းကိုလည်း လေယာဉ်ထွက်ခွာခါနီး မိနစ်အနည်းငယ်မျှသာ ခရီးသည်များကို ၄င်းလေကြောင်း တာဝန်ရှိသူများက လာရောက်ပြောဆိုခဲ့သည်ဟု 
ခရီးသည်များကဆိုပါသည်။
လေယာဉ်စီးပြီး ခရီးသွားကြသူအများစုမှာ အရေးကြီးခရီးစဉ်များဖြစ်သည့်အတွက် လေယာဉ်နှင့်သွားကြသူ များဖြစ်ကြောင်း၊ ရက်အတိအကျ မိမိတို့သွားလိုသောမြို့သို့ ရောက်ရှိရန်နေ့ရက် အချိန်ကာလကိုချိန်ပြီး အချိန်မှီ စေရေးအတွက် လေယာဉ်စီးကြခြင်းပင်ဖြစ်ကြောင်းနှင့် အဆိုပါ လေကြောင်းလိုင်းမှာ မန္တလေးမှ ကလေးမြို့သို့ ထွက်ခွာပျံသန်းမည့် Air KBZ ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်ကြောင်း၊ ထိုနေ့လေယာဉ်တက်ချိန်မှာ  ညနေ (၄း၅၅)အချိန်၌ စတင်ပျံသန်း ထွက်ခွာမည်ဟု ခရီးစဉ်အချိန်များကို အသိပေးကြေငြာထားခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းလေကြောင်းခရီးစဉ် ပျက်သွားခဲ့ခြင်းကို အဆိုပါလေကြောင်းလိုင်း တာဝန်ရှိသူများက ခရီးသည်များအား လေယာဉ်ပျံသန်းထွက်ခွာခါနီး၌ပင် လာရောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းလေကြောင်းခရီးစဉ်မှာ မန္တလေး မှ ကလေးမြို့သို့ပျံသန်းမည့် လေကြောင်းခရီးစဉ်ဖြစ်ပြီး ရာသီဥတုကြောင့် ခရီးစဉ်ဖျက်လိုက်ရသည်ဟု တာဝန်ရှိသူများက ခရီးသည်များကိုလိုက်လံ၍  ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ခရီးသည်များကဆိုပါသည်။
“ကျွန်မတို့က ရှမ်းပြည်လားရှိုးက တမူးကို ဧပြီ(၂၇)ရက်နေ့ အရောက်သွားရမှာဖြစ်လို့ ဧပြီ(၂၆)ရက် မန္တလေး ကနေ ကလေးမြို့ခရီးစဉ်ကို အခုလို လေယာဉ်နဲ့သွားဖို့ လက်မှတ်ဝယ်ပြီး လေယာဉ်စောင့် နေကြတာပါ…. တမူးကနေ တဘက်နိုင်ငံနယ်စပ် မိုရေးမြို့မှာ ကျွန်မအမျိုးသားအတွက် ကျန်းမာရေး ဆေးစစ်ဖို့ ရက်ချိန်း  ရယူပြီး အခုဒီခရီးစဉ် ကိုလာတာပါ… လားရှိုးကနေထွက်လာပြီး မန္တလေးကို တညအိပ်ဟိုတယ်ယူပြီး  လေဆိပ်ကို ကွင်းချိန်းအမှီလာပြီး လေယာဉ် စောင့်နေတာ အခုလို အချိန်ကပ်ပြီး ခရီးစဉ်ပျက်သွားတယ် ဆိုတော့ မန္တလေး - ကလေးမြို့ ကားတွေလည်း မမှီတော့ဘူး.. ညထွက်တဲ့ကားတွေက ညနေ(၄း၀၀) လောက် ဆို အားလုံး ထွက်ကုန်ပါပြီ.. မှီတယ်ဆိုတောင် လက်မှတ်က မရနိုင်တော့ဘူး… အခု ဒီလေကြောင်းလိုင်းက လေယာဉ်နဲ့ ကလေးမြို့ကို ပြန်လိုက်မယ်ဆိုရင် တရက်ခြားလေယာဉ်နဲ့မှ ရမယ်ဆိုတော့ မန္တလေးမှာ နှစ်ညအိပ်ရမှာ ဘယ်လိုမှမဖြစ်နိုင်တာပါ… ကျွန်မတို့က အခုလ ဧပြီ(၂၇)ရက်နေ့ တမူးကိုမရောက်နိုင်ရင် နောက်တလထပ်ပြီးစောင့်ရတော့မှာပါ… သူတို့ပြန်ပြီး ရက်ချိန်းပေးတဲ့နေ့ မလိုက်နိုင်ရင် လေယာဉ်လက်မှတ် တန်ဖိုး ငွေပြန်အမ်း ဖို့ကိုလည်း အပြည့်မရတော့ဘဲ (၇၅%)ရာခိုင်နှုန်း ဘဲပြန်အမ်းမယ်… ပြီးတော့ ကိုယ် လက်မှတ်ဝယ်တဲ့ လက်မှတ် အရောင်းဌာနတွေမှာသာ ပြန်အမ်းငွေ ယူရမယ်ဆိုတော့ လေဆိပ်ကို ကွင်းချိန်း လာတဲ့ အငှားကားခက (အသွားအပြန် ၂၇၀၀၀/ိ) ညအိပ်ဟိုတယ်ခနဲ့ ခရီးသည်တွေရဲ့ အခက်အခဲနှစ်နာမှုကို ဒီ ပုဂ္ဂလိကလေကြောင်းလိုင်းက တာဝန်ရှိသူတွေက လုံးဝထည့်ပြီး မစဉ်းစားဘဲ ရာသီဥတုကြောင့်ဖြစ်တာ သူတို့မှာတာဝန်မရှိဘူး ဆိုပြီးသာပြောနေတော့သာပါ….” ဟု ထိုနေ့ခရီးစဉ်၌ လိုက်ပါမည့် ခရီးသည်တဦးက သူတို့ကြုံတွေ့ နေရတဲ့ အခက်အခဲကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။
ထိုနေ့တွင် မန္တလေး၌ ရာသီဥတုမှာ မိုးသည်းထန်းစွာရွာပြီးလေပြင်းတိုက်ခတ်ခဲ့ကြောင်း၊ ထိုနေ့ဧပြီ(၂၆)ရက် မွန်းလွဲ(၁း၀၀)အချိန်ကစပြီး မိုးသည်းထန်ကာ လေပြင်းတွေတိုက်ခဲ့သည်ဟု ဒေသခံများကဆိုပါသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တ၀ိုက်၌ ထိုနေ့၏ မွန်းလွဲ(၂း၀၀)အချိန်လောက်တွင် မိုးသည်းထန်ကာ လေပြင်း တိုက်ပြီးထိုနေရာတ၀ိုက် ကောင်းကင်သည် နီရဲနေသကဲ့သို့ဖြစ်နေကြောင်း၊ ညနေ(၃း၀၀)နောက်ပိုင်း မိုးလေငြိမ်သွားပြီး ရာသီဥတုအနည်းငယ်ပွင့်လာကာ တဖန်ပြန်ပြီး မိုးသည်းထန်စွာ ရွာကာလေပြင်းတိုက်ခြင်း များပြန်လည်ဖြစ်ပွားခဲ့ပြီး ညနေ(၄း၀၀)အချိန်နောက်ပိုင်း မိုးဆဲခဲ့ပြီး ရာသီဥတုပွင့်လင်းခဲ့ကြောင်း၊ လေယာဉ်များ လည်း ဆင်းတက်ခြင်းများကို စတင်ပြုလုပ်ခဲ့သည်ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ  လေဆိပ်တွင်း ရောက်ရှိနေ သော ခရီးသည်များထံမှ သိရှိရပါသည်။

ဧပြီ(၂၆)ရက်နေ့၌ အဆိုပါ ပုဂ္ဂလိက လေကြောင်းလိုင်းမှာ ကလေးမြို့မှမန္တလေးသို့ ပျံသန်းဆိုက်ရောက်ပြီး မန္တလေးမှ ကလေးမြို့သို့ ပြန်လည်ပျံသန်းမည့် ခရီးစဉ်ဖြစ်ရာ ထိုနေ့ မွန်းလွဲပိုင်း၌ ကလေးမှ မန္တလေးသို့ ပျံသန်းရန်အတွက် မန္တလေးဘက်မှ ရာသီဥတုဆိုးရွားနေသောကြောင့် မန္တလေးလေဆိပ်၌ ထိုနေ့၏ မွန်းလွဲပိုင်းတွင် အချိန်ပိုင်းလေယာဉ် တက်ဆင်းခွင့်မပြုဘဲ ကွင်းခေတ္တ ပိတ်ထားခဲ့ကြောင်း၊ ရာသီဥတု ပွင့်လင်းလာပြီး ကွင်းပြန်ဖွင့်ချိန်၌ ကလေးမြို့မှ မန္တလေးသို့ ပျံသန်းခဲ့ပြီး မန္တလေးမှ ကလေးမြို့သို့ ခရီးစဉ်ကို ဆက်လက်ပျံသန်းရန် သပ်မှတ်အချိန်နောက်ကျသွားခဲ့ကြောင်းနှင့် ကလေးမြို့တွင် နေ၀င်ချိန်သို့ ရောက်ရှိသွား ကာ ကလေးမြို့လေဆိပ်အရောက်၌ လေယာဉ်ဆင်းတက်ရန် အဆင်မပြေတော့သည့်အတွက် ခရီးစဉ်ဖျက် လိုက်ရခြင်းဖြစ်ကြောင်း၊ ကလေးမြို့လေဆိပ်တွင် လျှပ်စစ်မီး မရှိသည့်အတွက် ညပိုင်း၌ အခြားသောမြို့ကြီး များ၏ လေဆိပ်များကဲ့သို့ ညပိုင်းလေယာဉ် ဆင်းတက်မှုပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် ထိုနေ့ လေကြောင်း ခရီးစဉ် ပျက်သွားခဲ့ရခြင်းဖြစ်သလို ခရီးသည်များဘက်ကလည်း အခက်အခဲများ ကိုယ်စီ၊ ကိုယ်စီ ကြုံတွေ့ ခဲ့ကြရခြင်းဖြစ်ကြောင်း၊ ယင်းပုဂ္ဂလိကလေကြောင်းလိုင်းမှ ထိုနေ့ ပျက်သွားသည့် ခရီးစဉ်အတွက် အစားထိုး လေယာဉ်တစီးကို စီစဉ်ပေးကာ နောက်တနေ့ နံနက်ပိုင်း၌ ပျက်သွားသည့် ခရီးစဉ်အတွက် အစားထိုးပျံသန်း ပေးခဲ့
သည်ဖြစ်စေ၊ ကလေးမြို့လေဆိပ်သို့ လေယာဉ်ဆင်း တက်ချိန်မှာ နောက်ကျသွားသည့် အတွက် ညပိုင်းကလေးမြို့လေဆိပ်တွင် လေယာဉ်ပြေးလမ်းများ၌ လျှပ်စစ်မီးများတပ်စဉ်ထားရှိသည့် ညပိုင်းလေယာဉ် ဆင်းတက်နိုင်သော လေယာဉ်ကွင်းတခုသာဖြစ်ခဲ့ပါက ဖော်ပြပါလေကြောင်းခရီးစဉ် ပျက်မည်မဟုတ်ဘဲ ထိုနေ့ ထိုခရီးစဉ်၌ လိုက်ပါကြမည့် ခရီးသည်တိုင်းသည်လည်း ကိုယ်စီ၊ ကိုယ်စီ အခက်အခဲ များကြုံတွေ့ကြရမည် မဟုတ်ကြောင်း ခရီးသည်အချို့က 
သုံးသပ်ပြောဆိုခဲ့ကြပါသည်။
ထိုနေ့လေယာဉ်ခရီးစဉ် ပျက်သွားသည့်အတွက် အရေးပေါ်ကလေးမြို့ သို့ သွားရောက်ရန်ရှိသည့် ခရီးသည် များသည် စင်းလုံးငှားကားများကို ဈေးကြီးပေး၍ ငှားရမ်းသွားခဲ့ကြရကြောင်း၊ လမ်းခရီး၌ လေကြောင်းလှိုင်း ပျက်သွားသည့်အတွက် ကားစင်းလုံးငှားခဲ့သည့် ဘ၀တူခရီးသည်များပြန်ဆုံကာ အားလုံးစုပေါင်းကာ ကားငှား ပါကသက်သာကြရမည်ဖြစ်ပြီး ယခုတော့ ကားခများလည်း ဈေးကြီးပေးခဲ့ရသလို လေယာဉ်
လက်မှတ် ကိုလည်း (၂၅%)ရာခိုင်နှုန်းအရှုံးဖြစ်ခဲ့ရကြောင်း၊ ထိုခရီးသည်များမှ ကြုံတွေ့ခဲ့သည့်
အခက်အခဲများကို ပြန်လည်ပြောပြစ် ခဲ့ကြကြောင်းသိရသည်။
ယင်းခရီးစဉ်၌ မူဆယ်မြို့မှ ကလေးမြို့သို့ ခရီးဆက်ရန် ၄င်းလေကြောင်းခရီးစဉ် ပျက်သွားသည့်အတွက် အခက်ခဲများကြုံတွေ့ခဲ့သည့် ခရီးသည်အမျိုးသား တဦးကလည်း ၄င်းပုဂ္ဂလိက လေကြောင်းလိုင်းမှ တာဝန် ယူခြင်းမရှိခဲ့သည့် အပေါ် မီဒီယာများကို ဤသို့ပြောပြခဲ့ပါသည်။

“ကျွန်တော်က မူဆယ်ကနေ တညအိပ် ညကားစီးပြီး အခု မန္တလေး လေဆိပ်ကိုအရောက် ကွင်းချိန်းအမှီ လာပါ တယ်…. မန္တလေး - ကလေးမြို့ လေယာဉ်လက်မှတ်ကို မူဆယ်ကနေ၀ယ်လာတာပါ…… ဒီနေ့ ကလေးကို  ရောက်ပြီဆိုပြီး ခရီးစားရိတ်လည်း ကွက်တိသာကျန်သာပါ… အခုလေယာဉ် ခရီးစဉ်ပျက်တယ်ဆိုပြီး စနေနေ့ ဒီလေကြောင်းလိုင်းနဲ့ ပြန်လိုက်ခွင့်ရမယ်.. လို့ပြောလာတယ်.. ကိုယ်က အချိန်ရလို့ စနေနေ့လိုက်မယ် ဘဲထားပါ… မန္တလေး မှာ နှစ်ညအိပ်ရမယ်… ဟိုတယ်ခနဲ့ စားစရိတ်ကို ဘယ်သူကခံမှာလည်း… ကျွန်တော် လည်း ခရီးစရိတ် အပိုမပါတော့ဘူး…. ပြီးတော့ စနေနေ့မလိုက်နိုင်သူတွေကို ငွေပြန်အမ်းမယ် ဆိုတော့လည်း (၇၅%)ရာခိုင်နှုန်းဘဲ ပြန်အမ်းမယ် ဆိုပြီးပြောလာသလို အဲ့ဒီပြန်အမ်းငွေကိုလည်း အခုဒီမှာပြန်အမ်းမှာမဟုတ် ဘဲ လေယာဉ်လက်မှတ်ဝယ်တဲ့ အရောင်းဌာနတွေမှာ ပြန်အမ်းငွေကိုထုတ်ယူရမယ် ဆိုတော့ ကျွန်တော်က မူဆယ်ကနေ ဒီလေယာဉ် လက်မှတ်ဝယ်လာတာ ဆိုတော့ မူဆယ်ကိုပြန်ပြီး လက်မှတ်ဖိုးရဲ့ (၇၅%)ရာခိုင်နှုန်း ကို ပြန်ယူရမှာလား…. လက်မှတ်ဖိုး (၂၅%)ရာခိုင်ကလည်း နှုန်းရှုံးနေပြီလေ…. ကျွန်တော်ကြားဘူးသမျှ အခြားသော လေကြောင်း
လိုင်းတွေက လေယာဉ်ချိန်လေး ရာသီဥတုကြောင့် နာရီပိုင်းလောက် နောက်ကျ ခဲ့ရင်တောင်မှ ညစာကျွေးတာတွေ ခေါက်ဆွဲကြော် ကျွေးတာတွေကြုံဘူးတယ်… လေယာဉ်ကအခုလို ခရီးစဉ် ပျက်တာကို တခေါက်က တာချီလိတ်မှာ ရုတ်တရက် ခရီးစဉ်ပျက်သွားလို့ အဲ့ဒီလေကြောင်းလိုင်းက ဟိုတယ် စီစဉ်ပေးတယ် …   နောက်တနေ့ သူတို့လေယာဉ် အစားထိုးပျံပေးတယ်… အခုက ဒီလေယာဉ်
 လေကြောင်း လိုင်း တာဝန်ရှိသူတွေကို ဘယ်လိုလုပ်ပေးမှာလဲလို့ ကိုယ်ကြုံနေရတဲ့ အခက်အခဲကိုပြောပြပြီး သွားမေးတော့ လည်း ဒါကရာသီ ဥတုကြောင့်ဖြစ်တာပါ…သူတို့ လေကြောင်းလိုင်းက တာဝန်မရှိဘူးဆိုပြီး ဘဲပြောလာတယ်…” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ ကလေးမြို့ သို့ ၄င်းလေကြောင်းလိုင်းဖြင့်
  ခရီးဆက်မည့် ခရီးသည် အမျိုးသားတဦးက သူ၏အခက်အခဲကြုံတွေ့ခဲ့ရပုံများအပေါ် မီဒီယာအားပြောပြခဲ့ပါသည်။

ထိုခရီးစဉ်တွင် မိန်းကလေး ခရီးသည်များလည်းပါဝင်သလို ဌာနဆိုင်ရာအရာရှိကြီးများလည်း ပါဝင်ကြောင်း၊ ယင်းပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အစိုးရ ဘက်မှတာဝန်ရှိသူများ၊ ပြည်ထောင်စုအစိုးရ၏သက်ဆိုင်ရာ ၀န်ကြီးဌာနများမှတာဝန်ရှိသူများအနေဖြင့် အလားတူဖြစ်စဉ်မျိုးနောင်တွင် ထပ်မံဖြစ်ပွားပါက ခရီးသည်များအတွက် အဆင်ပြေစေသော ၀န်ဆောင်မှု များကို ယင်းပုဂ္ဂလိကလေကြောင်းလိုင်းများအနေဖြင့် ၀န်ဆောင်မှုများပြုလုပ်ပေးစေရေးအတွက် အစိုးရ တာဝန်ရှိသူများဘက်မှလည်း လိုအပ်သော ညွှန်ကြားမှုများကို ဆောင်ရွက်ပေးစေရေးနှင့် ပုဂ္ဂလိက ပြည်တွင်း လေကြောင်းလိုင်းများနှင့် ပတ်သက်ပြီး ပြန်လည်စီစစ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာမှ ထိရောက်စွာ ဆောင်ရွက်ပေးစေရေးအတွက်  ပြည်တွင်းလေယာဉ်စီး ခရီးသွားပြည်သူ အချို့ကလိုလားစွာ  ပြောဆိုလျှက်ရှိ ကြောင်းသိရသည်။

လင်းလင်း(လားရှိုး)