“မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို မူဆယ်မြို့နယ်ရှိ နေအိမ်ခြံဝင်းအတွင်း သိမ်းဆည်းရမိ”

မူဆယ်- ဇူလိုင် (၁၉)


ဇူလိုင် ၁၉ ရက်၊ မွန်းလွဲပိုင်းတွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ပန်လုံနယ်မြေ၏ အနောက်ဘက် သုံးမိုင်ခန့်ရှိ ကြားထင်(၄၈)နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းရရှိခဲ့၍ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး)၏ ကြီးကြပ်မှုဖြင့် မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှူးကြီး၏ ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂)မှ တပ်ဖွဲ့ဝင်များ ၊သတင်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့၊ နယ်မြေခံတပ်၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် ကောင်းမှုတုံရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ထိုနေ့၏ မွန်းလွဲ(၁၂း၄၀)အချိန်၌
 ဖော်ပြပါ သတင်းရရှိသည့် နေအိမ်ခြံဝင်းသို့ ဝင်ရောက်ရှာဖွေရာ ကြားထင်အား မတွေ့ရှိဘဲ တရုတ်လူမျိုး တွမ်ကွမ်ဖေ့ (ခ)အဖိန်း(၃၇)နှစ်နှင့် ကောင်းမှုတုံ ရပ်ကွက် ပန်လုံ(၃)လမ်းနေ ဝင်းအောင်(၂ဝ)နှစ်တို့အားတွေ့ရှိခဲ့ကြောင်း၊ ခြံဝင်းအတွင်းတွေ့ရှိရသော ယာဉ်အမှတ်6H/----၁၂ ဘီး ယာဉ်နှင့် 2B/----၁၂ ဘီးယာဉ်တို့ကို ရှာဖွေရာ ဟိုက်ဒရိုကလိုရစ် အက်စစ် ဂါလန် ၅ဝ ပါ ပီပါ ၃၁၃ လုံး(တန်ဖိုးငွေကျပ် ၅ဝဝ၈ဝဝဝဝဝ)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂျပ်ဖာ တစ်ဖာလျှင် ၂ဝ လီတာပါ ၁၁၆၈ ဖာ (တန်ဖိုးငွေကျပ် ၉၃၄၄ဝဝဝဝ)၊ ဆာလဖြူရစ်အက်စစ် ငါးဂါလန်ပါ ပလတ်စတစ်ပုံး
၃၅ဝ(တန်ဖိုးငွေကျပ် ၇ဝဝဝဝဝဝ)၊ ကဖင်းတစ်အိတ်လျှင် ၂၅ ကီလိုပါ ဆာလာအိတ် ၁၈ဝ (တန်ဖိုးငွေကျပ် ၃၃၇၅ဝဝဝဝဝ) စုစုပေါင်း တန်ဖိုးငွေကျပ် ၉၃၈၇၄ဝဝဝဝ နှင့် မော်တာတပ်ဆင် ထားသည့် စတီးရောင်မွှေစက် နှစ်လုံး၊ ၇ ပေ x ၃ ပေရှိ သစ်သားသေတ္တာ ခြောက်လုံးအတွင်း ထည့်လျက် ဖန်ပေါင်းချောင်အကြီး ခြောက်လုံးတို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် သက်သေခံ ပစ္စည်းများနှင့်ပတ်သက်၍ အိမ်ရှင် ဖြစ်သူ ကြားထင်၊ ဖမ်းဆီးရမိသူ တွမ်ကွမ်ဖေ့(ခ)အဖိန်းနှင့် ဝင်းအောင်တို့ သုံးဦးအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



Source: ရဲဇာနည်