“ကျောက်မဲမြို့၌ ရေခဲစက်ဝန်းတခုအတွင်း အိမ်တန်းလျားတခုနှင့် နေအိမ်တလုံးမီးလောင်မှုဖြစ်ပွားခဲ့”

ကျောက်မဲ-ဇွန်(၆)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဇွန်(၆)ရက် မနက်အစောပိုင်းအချိန်က မီးလောင်မှု တခုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုမီးလောင်မှုကြောင့် ပေါက်ကွဲမှုတခုပါ 
ထပ်ဆင့်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

သို့ပါသောကြောင့် ဖြစ်စဉ်ဖြစ်ပွားမှုများကို အသေးစိပ်သိရှိနိုင်ရေးအတွက် ကျောက်မဲမြို့သို့ ဆက်သွယ် စုံစမ်းမှုပြုခဲ့ရာတွင် အဆိုပါမီးလောင်မှု ဖြစ်ပွားသည်မှာ ကျောက်မဲမြို့ ရပ်ကွက်(၃)ရှိ ရေခဲစက်ဝန်း တခုအတွင်း လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထိုရေခဲစက်ဝန်းထဲမှ လူနေအိမ်တန်းလျားတခုနှင့် အိမ်တစ်လုံး လောင်ကျွမ်းခဲ့ ကြောင်း၊ ယင်းမီးလောင်မှုကြောင့် ပေါက်ကွဲမှုတခုထပ်ဆင့် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို ကျောက်မဲ မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးမှာလည်း မီးငြိမ်းသတ်စဉ် မီးခိုးမွှန်ခဲ့ပြီး လက်ရှိ ကျောက်မဲဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရကြာင်း ထိုရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်များမှ ဆိုပါသည်။

ဆက်လက်၍ ကျောက်မဲမီးသတ်တပ်ဖွဲ့စခန်းသို့ စုံစမ်းမှုပြုခဲ့ရာတွင် အဆိုပါမီးလောင်မှု စတင်ဖြစ်ပွားချိန်မှာ ထိုနေ့၏ နံနက်(၂း၀၀)အချိန်ခန့်က ဖြစ်ကြောင်း၊ ထိုနေ့၏နံနက် (၄း၃၀)အချိန်မှသာ အပြီးသပ် မီးငြိမ်းသတ်နိုင် ခဲ့ကြောင်း နှင့် လူနေအိမ်ခန်း(၁၁)ခန်း ပါဝင်သော တန်းလျားတခုလုံးနှင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ ကြောင်း၊ ဆိုင်ကယ်(၇)စီးနှင့် သုံးဘီးယာဉ်(၂)စီး
မီးလောင်ကျွမ်းရာ၌ပါဝင်ဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ယင်းမီးလောင်မှု၌ မီးစတင်လောင်ကျွမ်းရခြင်းအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသလို စတင် မီးလောင်ကျွမ်းမှု ဖြစ်သည့် အိမ်ရှင်ဖြစ်သူကို သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသလို ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးပစ္စည်းတန်ဖိုး ပမာဏကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးတွက်ချက်လျက်ရှိကြောင်း ကနဦးရရှိသတင်းများအရသိရှိရပါသည်။

L2 (LSO)