“ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တရားမ၀င်နွားများသယ်ဆောင်မှုအား ဖမ်းဆီးရမိခဲ့ခြင်း နှင့်ပတ်သက်၍ ဌာနဆိုင်ရာများ လွှတ်တော်ကိုယ်စားလှယ်များ ရှမ်း/မြောက်ရှိ သတင်းမီဒီယာများ မြို့မိမြို့ဖ များကို သတင်းစာရှင်းလင်းမှုပြုလုပ်”
သိန္နီမြို့- မေ(၂၆)
၂၀၁၇ ခုနှစ်၊
မေ(၂၆)ရက်နေ့ မနက်ပိုင်း၌ မန္တလေး၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးအပိုင်းရှိ
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း မှတာဝန်ခံဖြစ်သော အကောက်ခွန်ဌာန၏ ဒုတိယညွှန်ကြားရေးမှူး
ဦးတက်ထွန်းအောင် ဦးစီး၍ သတင်းစာရှင်းလင်းပွဲတခုကို သိန္နီမြို့၊ ရပ်ကွက်(၄)ရှိ ဦးအိုက်မြင့်၏
ကျွဲနွားမွေးမြူရေးခြံဂိုတောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့
အကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်၊ သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးမြင့်ဦး၊ သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေဦး၊ လိုင်စင်ရ ကျွဲ၊နွား မွေးမြူရေးလုပ်ငန်းနှင့်
အသား သတ် လုပ်ငန်းများ သိန္နီုမြို့၌ လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင် ဦးအိုက်မြင့်
တို့မှ ထိုနေ့သတင်းစာရှင်းလင်း ရခြင်းနှင့် ပတ်သက်သော အဓိကအကြောင်းအရာများကို ရှင်းလင်းပြောကြား
မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရ သလို ယင်းသတင်းစာရှင်းလင်းပွဲသို့ သိန္နိမြို့နယ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလူ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ တာဝန်ရှိသူ များ၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ
တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ အချို့တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းမှာ
လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မေလအတွင်း၌ ရွှေတံခါး မှူးချစ်သူ စာမျက်နှာမှ ရေပူစစ်ဆေးရေးစခန်းနှင့်
ပတ်သက်ပြီး၊ ဧပြီ(၁၁) ရက်နေ့ကဖမ်းဆီးရမိခဲ့သော နွားကောင်ရေ(၇၄) ကောင်ကို မှောင်ခိုသယ်ဆောင်လာစဉ်၌
သတင်းအရ ၄င်းတို့သယ်ဆောင်လာသော တောလမ်းအပိုင်းမှ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကာ ထိုဖမ်းဆီးရမိသော
နွားကောင်ရေ (၇၄)ကောင် ကို နွားမွေးမြူ ရေး ပြုလုပ်နေသော နွားခြံလုပ်ငန်း ပိုင်ရှင်
ဦးအိုက်မြင့်ထံတွင် စာချုပ်စာတမ်းဖြင့် သက်သေများရှေ့၌ ခေတ္တအပ်နှံ ထားရှိခဲ့ခြင်းနှင့်
ပတ်သက်၍ ရေးသားဖော်ပြမှုပြုခဲ့ရာတွင် မဟုတ်မမှန်သော သတင်း အချက်လက် များကို လုပ်ကြံရေးသား
ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး
ဦးတက်ထွန်းအောင် က ထိုနေ့ သတင်းစာရှင်းလင်းစဉ်၌ ကနဦးပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက
နွား(၇၄)ကောင်ကို တောထဲကနေ ၂၀၁၇ခုနှစ် ဧပြီလထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်……. အဲ့ဒီသတင်းကို(၃)ရက်
လောက်ထဲကကြိုပြီး ရထားတာပါ…….. အဲဒီမှာ ကျွန်တော်တို့စီက သတင်းထောက်တွေ တာဝန်ရှိသူတွေကတောထဲမှာ
သွားစောင့် နေပါပြီ…. ဧပြီလ( ၁၁ )ရက်နေ့ မှာ အဲဒီနွား(၇၄)ကောင်ကို ပိုင်ရှင်မဲ့အနေနဲ့
ဖမ်းဆီးရမိ ခဲ့ပါတယ်”…ဟု အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဆိုပါသည်။
ဆက်လက်၍ ဦးတက်ထွန်းအောင်
မှရှင်းလင်းပြောကြားခဲ့သည်မှာ……..ဖော်ပြပါ နွား(၇၄)ကောင်ကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကနေ
ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး လူမှု ကွန်ယက်စာမျက်နှာ တခုမှ ရေးသားထားသောသတင်းများ
ပါလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများနှင့်
ရပ်မိရပ်ဖအားလုံးသိရှိနိုင်ရန် ယခုကဲ့သို့ရှင်းလင်းပြောကြားခြင်း ပင်ဖြစ်ပါကြောင်း၊
ပထမဦးစွာ ယင်နွားများကို ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဖမ်းဆီးရမိပြီး
မည်ကဲ့သို့ ဆက်လက် လုပ်ဆောင် သွားသည်၊ မည်သူ့ထံတွင် အပ်နှံထားရှိခဲ့သည် ဆိုသည်များအပေါ်တွင်
ရှင်းလင်း ပြောကြား ရန်စီစဉ်ထားပါ ကြောင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ဌာနဆိုင်ရာအဖွဲ့(၁၂)ဖွဲ့ရှိကြောင်းနှင့်
အကောက်ခွန်ဌာန အပါ အ၀င် ဌာနဆိုင်ရာမှားဟာ သူ့ဌာနနှင့် သူသက်ဆိုင်သော လုပ်ဆောင်မှုများ၊
လုပ်ငန်းတာဝန်များကို ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြုလုပ်ရပါကြောင်း၊ ယခုနွားများကို
ဖမ်းဆီးရမိခဲ့ရာတွင် သက်ဆိုင်ရာ ဌာနဖြစ်သော တိမွေးကု(မွေးမြူရေးနှင့် ကုသရေးဌာန) မှအဓိကတာဝန်ယူဆောင်ရွက်ရပါကြောင်း၊
ဖမ်းဆီး ရမိခဲ့သည့် နွားများကို မွေးမြူရေးနှင့်ကုသရေးဌာနသို့ ပြသကာ တရားဝင်သော နွားများဟုတ်မဟုတ်
စစ်ဆေးမှု ပြုခဲ့ရာ၌ တရားမ၀င်သယ်ဆောင်လာသော နွားများဖြစ်ကြောင်းကို သိရှိရပါကြောင်း၊
ထို့အတွက်ကြောင့်ပင် တရားမ၀င် သယ်ဆောင်လာသော နွားကောင်ရေ(၇၄)ကောင် ဖမ်းဆီးရမိခြင်းအတွက်
ဌာနဆိုင်ရာ အထက် အဆင့်ရှိ ၀န်ကြီးဌာနတွေကို တင်ပြမှုပြုလုပ်ခဲ့ရပါကြောင်း၊ ထိုသို့တင်ပြပြီးတွင်
လုပ်ထုံးလုပ်နည်းအတိုင်း တရားစွဲဆို ရန် ၁၁-၄-၂၀၁၇ နေ့ မွန်းတက်(၁၂း၀၀)အချိန်ခန့်တွင်
သိန္နီမြို့ ရဲစခန်းသို့သွားရောက်ကာ စခန်းမှူး ထံ၌ အမှုဖွင့်ခဲ့ပါကြောင်း၊ နွားကောင်ရေ
မည်မျှရှိသည်၊ နွားများ၏အမြင့်၊ လုံးပတ်၊ မည်မျှရှိသည်များအပေါ်၌ အတိအကျပင် မှတ်သားမှုပြုသလို
ဓါတ်ပုံမှတ်တမ်းတင်ပြီး အတိအကျ လုပ်ဆောင်ခဲ့ပါကြောင်း၊ တရားစွဲဆိုစဉ် ကာလအတွင်း အထက်ဌာနတွေမှ
ညွှန်ကြားချက်တစုံတရာ မရရှိသေးသည့်အချိန် ကာလအတွင်းမှာ ထိုနွား များကို ထိမ်းကျောင်းထားရရန်အတွက်
တာဝန်ရှိနေပါကြောင်း၊ တပတ်လောက် သောရက်များတွင်တော့ ရေတိုက် အစာကျွေးစသော နွား(၇၄)ကောင်ကို
ထိမ်းကျောင်းမှု လုပ်ဆောင်ခြင်းကို ၀န်ထမ်းအင်အားနှင့် မည်သူကမျှ မလုပ်နိုင်ကြသည့်အတွက်
ပိန်းဆာပြည်သူ့စစ်ကို အကူညီတောင်းကာ တပတ်သာကာလ ရက်များ ၌ ထိမ်းကျောင်း ထားရှိခဲ့ကြောင်း၊
ထို့နောက်တွင် နွားများထိမ်းကျောင်းရေးကိစ္စကို မည်သို့လုပ်ဆောင်သွား ရမည်ကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ထံ အကူညီတောင်းခဲ့ရာတွင် ကူညီမှုများကို တတ်နိုင်သမျှ ပြုလုပ်ပေးခဲ့ကြကာ
ရပ်ကွက်အုပ်ချုပ်ရေး အကူအညီဖြင့် ကျွဲနွားမွေးမြူရေးခြံ လုပ်ငန်းရှင်ထံ၌် အပ်နှံရန်
ဆက်သွယ်ပြောဆိုမှုရရှိပြီး စာချုပ်စာတမ်း သက်သေများရှေ့၌ ယင်းနွား(၇၄)ကောင်ကို အတိအကျ
လွှဲပြောင်းအပ်နှံခဲ့ပါကြောင်း၊ ယခုပြောပြသည့် လုပ်ဆောင်ခဲ့မှုများကိုသာ လက်ရှိအချိန်အထိ
ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ဆောင်ရွက်ခဲ့သည်များပင် ဖြစ်ပါကြောင်း၊ ယင်းနွား(၇၄)ကောင်မှာ
သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းများ ရှိခဲ့ပါက ဦးအိုက်မြင့်၏ တာဝန်ပင်ဖြစ်သလို ဦးအိုက်မြင့်မှ
ယင်းနွားများကို ရောင်းစားသည်ဖြစ်စေ၊ တနေရာကိုပို့လိုက်သည်ဖြစ်စေ ယင်းနွားများပျောက်ဆုံးခဲ့သည်ဆိုလျှင်
ကျွန်တော်တို့က သက်ဆိုင်ရာ ရဲစခန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှတဆင့် တရားရုံးတွင်
အမှုစွဲတင်ရမှာ ဘဲဖြစ်ပါကြောင်းကို ထိုနေ့သတင်းစာရှင်းလင်းစဉ်၌ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း
တာဝန်ခံ အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် ကရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ထိုနွား(၇၄)ကောင်အား
စာချုပ်စာတန်း သက်သေများရှေ့၌ လက်ခံထားရှိသူ မွေးမြူရေးလုပ်ငန်း ရှင်ဦးအိုက်မြင့်
ဆိုသူမှ ပြောကြားရှင်းလင်းခဲ့သည်မှာ……….
“ဒီနွားတွေနဲ့
ပတ်သက်ပြီးထိမ်းသိမ်းပေးဖို့ ကျွန်တော့် ကိုတော့လာပြောပါတယ်….. အဲဒီမှာ ကျွန်တော်တို့က
ထိမ်းသိမ်းပေးမယ် ဆိုပြီးတော့ ဒီနွားတွေကို လက်ခံခဲ့ရပါတယ်…….အစတုန်းက ဒီနွားတွေ ထိမ်းသိမ်းခနုန်းဟာ
ဒီလောက်ကြီးများများကျမယ်လို့ မထင်ခဲ့ပါဘူး…… ထားရင်းနဲ့ ဒီမှာထားတာ ကုန်ကျစရိတ်က တအားများလာ
ပါတယ်…… ပြီးတော့ ပြည်သူတွေကလည်း ဒီမှာနွားတွေ ထားလို့မဖြစ်ဘူး ဆိုပြီး တိုင်ပါတယ်……
အဲလိုတိုင် တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့က ဟိုတောင်ပေါ်မှာ ကုန်ကျစရိတ်လည်း သက်သာမဲ့
နေရာဖြစ်လို့ ကုန်ကျ စရိတ် နည်းအောင်ဆိုပြီး အဲဒီတောင်ပေါ် မှာသွားထားပါတယ်……. ပြည်သူတွေအတွက်
အနှောက် အယှက် မရှိမဲ့နေရာမှာ သွားထားတာပါ…….
အဲလိုထားခဲ့တာ အခုကြတော့ ကျွန်တော် အဲဒီနွားတွေကို ရောင်းစား တယ် ဆိုပြီးတိုင်ပါတယ်……
ကျွန်တော်တို့ဟာ ဒီမှာ အဘိုး၊အဘွား၊ အဖေ၊ အမေ လက်ထက်ထဲ ကနေပြီး ကျွန်တော်တို့မှာ နွားထောင်ချီးပြီးရှိတယ်
ဆိုတာကို ဒီလွှတ်တော်ကိုယ်စလှယ် ကြီးလည်းသိပါတယ်….. ရပ်မိရပ်ဖတွေလည်းသိပါတယ်….. အဲတာကို
ကျွန်တော်မရောင်းစားပါဘူး ဒီလောက်လေးနဲ့ ကျွန်တော်ရောင်းမစားပါဘူး……. အဲဒါလူမူကွန်ရက်
စာမျက်နှာပေါ်မှာ တက်လာပါတယ်….. ကျွန်တော်တို့ ရောင်းစားတယ်လို့ ဆိုပြီးတက်လာပါတယ်……
အဲဒီတိုင်တဲ့လူလည်း လာကြည့်ပါ လို့ကျွန်တော်တို့… ဖိတ်ခေါ် ချင်ပါတယ်..လို့” …… ဦးအိုက်မြင့်မှ
သတင်းစာရှင်းလင်းစဉ်ပြောကြားခဲ့သည်။
သိန္နီမြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ သိန္နီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး မှ ဆက်လက်ကာ ဖော်ပြပါ နွား(၇၄)ကောင်ကို
ရေပူစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသည့် နောက်ဆက်တွဲဆက်လက် ဆောင်ရွက်ရသော ဌာနဆိုင်ရာများ၏ လုပ်ဆောင်မှု အပိုင်းကိုရှင်းလင်းပြောပြခဲ့ရာတွင် ……
ရေပူဂိတ်နှင့်ပတ်သက်လို့
လိုအပ်ချက်များရှိသည် ဆိုကြောင်းကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း စတင်ဖွင့်လစ် ချိန်တွင်
လည်းမိမိအနေဖြင့်ပြောကြားခဲ့ပါကြောင်း၊ ရေပူဂိတ်စခန်းဖွင့်လစ်ခဲ့သည်မှာ အချိန်ကာလ
(၄)လကျော် (၅)လ ရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းရေပူဂိတ်စခန်း ဖွင့်စဉ်တွင် အကောက်ခွန်ဌာနမှ
တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် မှလည်း ရေပူစခန်း တည်နေရာမှာ အနည်းငယ်ကျဉ်းနေကြောင်းကို
တင်ပြခဲ့ဘူးပါကြောင်း၊ ယခင်အချိန်ကာလ ရေပူဂိတ်နှင့် ပတ်သက်၍ စစ်ဆေးခဲ့သည်မှာ (၁၂)ဘီးယာဉ်လောက်အထိဘဲ
စစ်ဆေးခဲ့ကြောင်း၊ ယနေ့ လက်ရှိကာလတွင် (၂၂)ဘီးတွဲကားကြီးတွေ ဖြစ်နေပြီဖြစ်သလို စစ်ဆေးရန်
ထားရှိသော စင်များကအစ နည်းနေခြင်း၊ ဘေးနှစ်ဘက်ခြံအကျယ် အ၀န်း မှာလည်းတဘက်ကိုမှ (၄ဧက)နှစ်ဘက်ပေါင်း(၉ဧက)ကျော်သာရှိကြောင်း၊
ထို့အတွက်ကြောင့် ရေပူဂိတ်ရဲ့ တည်နေရာ မြေ ဧရိယာ အကျယ်အ၀န်း မြေအသုံးချမှု အနေနဲ့ နည်းနေ၍
မိမိတို့မှ ၀ိုင်းဝန်းပြီး ရေပူဂိတ်စခန်း မြေအကျယ်အ၀န်းများနှင့် လိုအပ်ချက်များ အဆင်ပြေစေရေး
ဆောင်ရွက်ပေးလျှက်ရှိနေပါကြောင်း၊ ယင်းကိစ္စရပ်များ လုပ်ဆောင်သွား နိုင်ရေးအတွက် သက်ဆိုင်ရာ
ဌာနဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ရေပူဂိတ်အကျယ်အ၀န်း မြေဧရိယာ ချဲ့ သွားနိုင်ရေး
စီစဉ်လုပ်ကိုင်နေပါကြောင်း၊ အချို့သောပစ္စည်းများကို ဖမ်းမိသည့်အခါတွင် ဂိတ်အတွင်းမှာပင်
ထားရှိရန် လိုအပ်ပါကြောင်း၊ ထိုသို့
ထားရှိရန်အတွက် ဂိတ်ရဲ့ပိုင်ဆိုင်ထားတဲ့ ပတ်ဝန်းကျင်
ပိုင်ဆိုင်မှု မြေ ဧရိယာ နည်းနေပါကြောင်း၊ ဖမ်းမိသော ပစ္စည်းအချို့ထိမ်းသိမ်းစောင့်ရှောက်ထားဖို့
လိုနေကြောင်း၊ ယခုလက်ရှိ တွင် မိမိတို့ရုံးရှေ့၌ ယာဉ် ကားများ၊ဆိုင်ကယ်များ ဖမ်းမိထားရှိသောယာဉ်များကို
စောင့်ရှောက် ထားရှိနေရပါ ကြောင်း၊ ထို့အတူ တရားရုံး၌လည်းထားရသလို ရဲစခန်း၌လည်း ထားရှိနေရပါကြောင်း၊
ယခု နွားများနှင့် ပတ်သက်၍ လည်း နွားမှာသက်ရှိ သတ္တ၀ါဖြစ်နေသည့်အတွက် အစာကျွေးရခြင်း၊
ရေတိုက်ရသော ကိစ္စရပ်များ ရှိသလို ရပ်ကွက်ထဲမှာလည်း လွှတ်ထားလို့မရကြောင်း၊ သို့ပါသောကြောင့်
မြို့စွန်မှာ ထားရှိနိုင်ရေးအတွက် စီစဉ်လုပ်ဆောင်ခဲ့ရသလို တာဝန်ယူလက်ခံထားရှိသူမှလည်း
အစာကျွေး ရသောကိစ္စ၊ ရေတိုက်ရသောကိစ္စ အတွက် ကောက်ရိုးတွေကိုဝယ်ယူကျွေးရကြောင်း၊ ယခုယင်းနွားများကို
ပိုင်ရှင်မဲ့ဖမ်းဆီး ရမိထားသည့်အတွက် ရဲအရေးပိုင်သော အမှုဖြစ်ပြီး ၅၂၃/၅၂၄ ရဲမှလိုက်ပြီးစစ်ဆေးနေတာဖြစ်ပါကြောင်း၊
ထိုသို့ စစ်ဆေးပြီး ရဲထံမှ အုပ်ချုပ်ရေးအပိုင်းသို့တက်လာမှာဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးသို့ရောက်ရှိလာပါကလည်း
မိမိတို့ အုပ်ချုပ် ရေးဌာန အနေဖြင့် အမြန်ဆုံးစီမံခန့်ခွဲ ပေးသွားမှာဖြစ်သလို ယခုကဲ့သို့
နွားများကို စောင့်ရှောက်ထိမ်းသိမ်းရေး ကိစ္စများပြီးဆုံးသွားမှာ ဖြစ်ပါကြောင်း၊ ထိုသို့ပြီးစီးနိုင်ရေးအတွက်
အချိန်အားဖြင့် နောက်(၁၄)ရက် နှစ်ပတ် လောက်တွင် ပြီးစီးနိုင်ကြောင်းကို ပြောကြားခဲ့ပါသည်။
သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးရွှေဦး မှဆက်လက်၍ အဆိုပါပိုင်ရှင်မဲ့ နွားများဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်မှာ….
“နွားတွေကိုမောင်းလာတဲ့ ပိုင်ရှင်ကိုမမိပါဘူး။နွားတွေကိုတောထဲမှာတွေ့တဲ့
အချိန်မှာ ပိန်းဆာပြည်သူ့စစ်အဖွဲ့တွေရယ် နီးစပ်တဲ့ ရပ်ရွာက ပြည်သူအချို့ကို အကူအညီတောင်းပြီး
အဲဒီနွား(၇၄)ကောင်ကို ရေပူဂိတ်ကိုဆွဲလာတာပါ…….. နွားတွေကို တောလမ်းကနေ မှောင်ခိုသယ်ဆောင်
လာသူတွေက ကျွန်တော်တို့ကို တောထဲမှာ ရဲတပ်ဖွဲ့ယူနီဖောင်းတွေ….အကောက်ခွန် ယူနီဖောင်းရဲယူနီဖောင်းတွေ……မြင်လိုက်တာနဲ့ကြောက်လန့်ပြီး
ထွက်ပြေးသွားကြပါပြီ…. မောင်းလာတဲ့လူတွေကို မမိလိုက်ပါဘူး…… အခုနွား ဆွဲလာတဲ့ သူတွေကတရားခံ
မဟုတ်ပါဘူး… အကူညီတောင်းလာတာပါ…….. ရဲတပ်ဖွဲ့
ရဲ့လုပ်ထုံးလုပ်နီးအရ အကောက်ခွန်ကနေ နွားတွေကို စပြီးဖမ်းဆီးရမိတဲ့နေ့ရက်မှာဘဲ ရဲစခန်းကို
လာပြီးအမှု ဖွင့်ပါတယ်…… နွားပိုင်ရှင်ကိုရဖို့ အတွက်စုံစမ်းပေးဖို့ အကောက်ခွန်ကနေ
လာပြီး အမှုဖွင့်ထားပါတယ်…..ကျွန်တော်တို့လည်း စုံစမ်းခဲ့တာ(၁)လခွဲ ကျော်လာပါပြီ…..ဒီနေရာတွေဟာ
အညိုရောင် နယ်မြေဖြစ်နေသည့် အတွက်စုံစမ်းရတာ ခဲရင်းပါတယ်….. စုံထောက်အမှုဆိုင်း တရားဥပဒေနဲ့
အညီ ဒါမျိုးဆိုရင် စုံထောက်အမှုဆိုင်းတဲ့ အမှုကို ပိတ်သိမ်းနိုင်ဖို့ မြိုနယ်ဥပဒေအရာရှိ
ထံမှ အကြံတောင်းပါမယ်……သူစီက သဘောတူချက်ရရင် အမှုဆိုင်းပြီး ကျွန်တော်တို့ အမှုပိတ်သိမ်းပြီး
ဒီသက်သေခံနွားတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးကို စီမံခန့်ခွဲဖို့ တင်ပြလုပ်ဆောင်
သွားမှာပါ….. တကယ်လို့ ဒီကြားထဲမှာ အဲဒီနွားပိုင်ရှင်ကို
စုံစမ်းဖော်ထုတ်လို့ ရခဲ့ရင်တော့ အဲဒီလူတွေကို အမှုဖွင့်ပြီး တရားစွဲမှာဖြစ်ပါတယ်…….
သို့ပေမဲ့ လက်ရှိ အနေနဲ့ကတော့ အဲဒီအခြေနေဖြစ်လာဖို့ သိပ်ကိုခက်ခဲနေပါ”….ဟု သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ရွှေဦး မှထိုနေ့သတင်းစာရှင်းလင်းစဉ်တွင် မီဒီယာများကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။
ထိုနောက်တွင်
ဖမ်းဆီးရမိထားသော နွား(၇၄)ကောင်ကို ခေတ္တလက်ခံထားပေးသူ ဦးအိုက်မြင့် မှ ၄င်း၏ ၏နွားခြံအတွင်း၌
ရှိနေကြောင်းကို ဌာနဆိုင်ရာများ၊လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် မီဒီယာများ၊မြို့မိ
မြို့ဖတို့ ကို လိုက်လံပြသခဲ့ကြောင်းနှင့် ထိုနေ့၏သိန္နိမြို့တွင် ပြုလုပ်ခဲ့သော ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ
နွား(၇၄)ကောင် ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ
ဆောင်ရွက်လုပ်ကိုင်မှုများ အားရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းမှု ပြီးဆုံးခဲ့ကြောင်း
သိရှိရပါသည်။
လင်းလင်း(လားရှိုးမီဒီယာဂရု)