“လားရှိုးမူဆယ် ပြည်ထောင်စုလမ်းအပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသားသုံးဦး လက်နှက်ကြီးကျည်စထိမှန်ဒဏ်ရာရ”
ကွတ်ခိုင်မြို့နယ်-မတ်လ(၄)
မတ်လ(၄)ရက်
နံနက်(၄း၄၀)အချိန်ခန့်တွင် ရှမ်းပြည်နယ်မြာက်ပိုင်း လားရှိုး မူဆယ်သွားပြည်ထောင်စု
လမ်းမကြီး အပိုင်း၏ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားအနီးတိုက်ပွဲများဖြစ်ပွားခဲ့ရာတွင်
မိုင်တိုင်အမှတ် ၂၄၀/၃ အနီးတွင် Oriental Highway Co.Ltd မှ လမ်းလုပ်သားဝန်ထမ်းအမျိုးသားသုံးဦး
လက်နှက်ကြီးကျည် ကျရောက် ပေါက်ကွဲရာမှ ပေါက်ကွဲကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍
လားရှိုးပြည်သူ့ဆေးရုံကြီးသို့သွားရောက် စုံစမ်းမှုပြုခဲ့ရာတွင် “ဒီနေ့မနက်ပိုင်း
(၄)နာရီခွဲကျော် လောက်မှာ သေနပ်သံတွေကြားရပါတယ်… Oriental Highway Co.Ltd က ၀န်ထမ်းလမ်းလုပ်သားတွေနေတဲ့ တဲအိမ်တလုံးအနီးကို
လက်နှက်ကြီးကျည်ကျပြီး တဲထဲမှာ အိပ်နေတဲ့ အမျိုးသားသုံးဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်…တဦးကတော့
ကျောက်စာရေးပါ… နောက်တယောက်က ကျွန်တော်တို့စီက စက်ကြီးမောင်းတဲ့သူရဲ့သားပါ… နောက်တယောက်က
ရေကားစပယ်ယာပါ…လက်ရှိ သုံးဦးလုံးအသက်အန္တရယ်စိုးရိမ်စရာမရှိဘူးလို့ သက်ဆိုင်ရာဆရာဝန်ကြီးတွေက
ပြောပါတယ်… ဖြစ်စဉ်ဖြစ်ပြီး ဒဏ်ရာရလူနာတွေကို နမ့်ဖတ်ကာဆေးရုံ ကိုအရင်ပို့ပါတယ်… နောက်လားရှိုးဆေးရုံကို
ပို့ဖို့ဆရာဝန်တွေက ညွှန်ကြားလာလို့ ခုလားရှိုးဆေးရုံကိုရောက်လာတာပါ” ဟု Oriental Highway Co.Ltd မှ ယင်းလမ်းအပိုင်း ဖောက်လုပ်နေမှု၌တာဝန်ရှိသူအင်ဂျင်နီယာကြီးတဦးမှ
ပြောပြပါသည်။
၎င်းလက်နှက်ကြီးပေါက်ကွဲကျည်စ
ထိမှန်သူများမှာ Oriental Highway Co.Ltd မှကျောက်စာရေး ကိုသန်းကျော်လွင် ၊အသက်(၂၄)နှစ်၊
(ဘ)ဦးသန်းမြင့်၊ဗမာ/ဗုဒ္ဓ၊ ရပ်ကွက်(၁) ကွတ်ခိုင်မြို့တွင်နေထိုင်သူနှင့် စက်ကြီးမောင်းသည့်
ဒရိုင်ဘာဖြစ်သူ၏သား ကိုတာတာနိုင်၊အသက်(၂၇)နှစ်၊ ဗမာ/ဗုဒ္ဓ ၊(ဘ) ဦးအုန်းလှိုင် ၊ ရပ်ကွက်(၁၂)
လားရှိုးမြို့တွင်နေထိုင်သူ၊ရေကားစပယ်ယာလိုက်သူ ချစ်ဝေအောင်၊အသက်(၁၉)နှစ် ၊ဗမာ/ဗုဒ္ဓ၊
(ဘ) ဦးတင်ထွန်း လားရှိုးမြို့တွင်နေထိုင်သူ တို့ဖြစ်ကြောင်းနှင့် လက်ရှိလားရှိုးပြည်သူ့ဆေးရုံကြီးတွင်
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသလိုစိုးရိမ်ဖွယ်မရှိကြောင်းသိရှိရသည်။
ဖော်ပြပါ
ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားခြင်းမှာ KIA နှင့် TNLA လက်နှက်ကိုင်အဖွဲ့အင်အား
(၁၅)ဦးစီ ခန့်မှ တပ်မတော်ကလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရင်ကွဲတောင်စခန်းနှင့် ယင်းနမ့်ခိုင်
တံတား လုံခြုံရေး စခန်းသို့ လက်နှက်ကြီးလက်နှက်ငယ်များဖြင့်
အလစ်အငိုက်ဝင်ရောက်နှောက်ရှက်ပစ်ခတ် တိုက်ခိုက်ခဲ့
ရာ တပ်မတော် စစ်ကြောင်းများမှပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် KIA နှင့် TNLAလက်နှက်ကိုင်အဖွဲ့မှ
ပြန်လည် ဆုပ်ခွာ ထွက်ပြေးသွားကြောင်း၊၄င်း KIA နှင့် TNLAလက်နှက်ကိုင်အဖွဲ့မှ
ပစ်ခတ် လိုက်သည့် လက်နှက်ကြီးကျည်များသည် နမ့်ခိုင်တံတားလုံခြုံရေးစခန်းပေါ်သို့ကျရောက်
ပေါက်ကွဲခဲ့ခြင်းမရှိဘဲ တံတားမြောက်ဘက်ရှိ Oriental
Highway Co.Ltd မှ အလုပ်သမားများ နေထိုင်လျက်ရှိသည့် တဲပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံမှ သတင်းထုတ်ပြန်မှုအရသိရှိရသည်။
လင်းလင်း(လားရှိုးမီဒီယာဂရု)