“ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် သာသနာဝင်၊ သာသနာနွယ်ဝင် စီစစ်ရေးကတ်ပြား ဆက်ကပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်”


တန့်ယန်း-ဖေဖော်ဝါရီ (၂၃)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃)ရက်၊ မွန်းတက်(၁၂း၀၀) အချိန်၌ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တန့်ယန်းမြို့နယ်တွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား သာသနာဝင်၊သာသနာနွယ်ဝင် စီစစ်ရေးကတ်ပြား ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားကို တန့်ယန်းမြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်းဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရှေးဦးစွာ အခမ်းနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လစ်ခဲ့ကာ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္ဒ ကောလိယထံတွင် အခမ်းနားတက်ရောက်လာကြသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပါသည်။
ထို့နောက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေး ဒုတိယပြည်နယ်ဦးစီးမှူး ဦးရဲဝင်းထွန်း မှသာသနာဝင်၊ သာသနာနွယ်ဝင် စီစစ်ရေးကတ်ပြား ဆက်ကပ်ရခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားမှု များပြုလုပ်ခဲ့ပြီး သံဃာတော်များနှင့် သီလရှင် (၃၄၉)ပါးတို့အတွက် သာသနာဝင်၊သာသနာနွယ်ဝင် စီစစ်ရေးကတ်ပြားများကို ဆရာတော် ဘဒ္ဒန္ဒကောလိယ ထံသို့ ဆက်ကပ်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် အခမ်းအနားတက်ရောက်ကြသူ အရာရှိကြီးများမှ ဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းတို့အား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော် ဘဒ္ဒန္ဒ ကောလိယထံမှ အခမ်းအနားတက်ရောက်လာကြသူအပေါင်းမှ အနုမောဒနာတရားကို နာယူခဲ့ကြကာ ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်မြောက်ပိုင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးဝင်းရဲထွန်း၊ လားရှိုးခရိုင် လူဝင်မှုကြီးကြပ်ရေး ခရိုင်ဦးစီးမှူး ဦးအေးလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ တန့်ယန်းမြို့နယ် အခြေချစစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး တင်အောင်ရွှေ၊ တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊မြို့မိ မြို့ဖများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသလို တန့်ယန်းမြို့နယ်တွင်းရှိ ရဟန်းတော်(၄၈) ပါး၊ ရှင်သာမဏေ (၂၈၅)ပါး နှင့် သီလရှင်(၁၆)ပါး တို့ကို သာသနာဝင်၊သာသနာနွယ်ဝင် စီစစ်ရေးကတ်ပြားများ ကို ဆက်ကပ်ခဲ့ပါကြောင်းသိရှိရပါသည်။

MZS (လားရှိုးမီဒီယာဂရု)